ကျိုက်လတ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို အသိပညာပေး (Talk Show) ပြုလုပ်

ကျိုက်လတ် ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်အကြို အသိပညာပေး (Talk Show) ကို ယနေ့ နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို အသိပညာပေး (Talk Show) ကို ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ မူးယစ်ဆေးဝါး အန္တရာယ်မှ ကင်းဝေး၍ လူ့ဘဝကို အကျိုးရှိစွာ အသုံးချတတ် စေရေးအတွက် ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းနှင့် မိသားစုအခြေပြု မူးယစ်ဆေးဝါးသုံးစွဲမှု ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် မိသားစုအတွင်း ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအခက်အခဲများ ဖြစ်ပေါ်စေသည့် ဆိုးကျိုးများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာဆွေက ဦးနှောက်သည် လူ၏ခန္ဓာကိုယ်အတွက် အရေးကြီးပုံနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဦးနှောက်နှင့် အာရုံကြောများ ပျက်စီးစေသည့် အကြောင်း အရင်းများ၊ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ လမ်းမှားမရောက်အောင် မိဘပြည်သူများနှင့် ဆရာ၊ ဆရာမများက သွန်သင်ဆုံးမရန် လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ရုပ်သံကျွမ်းကျင်-၃ ဒေါ်ဝင်းပပအောင်က ကော်နှင့် ရှူဆေးအမျိုးမျိုး၊ ကော်ရှူ ခြင်းဖြင့် ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်ပျက်စီးလွယ်စေခြင်း၊ မှတ်ဉာဏ်၊ အာရုံကြောများ ပျက်စီးစေသည့် အကြောင်း အရင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရီရီမြင့်