သရက်ချောင်း ဇွန် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနတွင် ပိုးသတ်ဆေး၊ ဓါတ်မြေသြဇာများစနစ်တကျ ကိုင်တွယ်သုံးစွဲနည်း ရက်တိုသင်တန်းကို ယမန်နေ့က အဆိုပါခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ ထားဝယ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းမြ၊ ထားဝယ်ခရိုင် သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ဝါဝါချို၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချူပ် ရေးမှူးများနှင့် မြို့ပေါ် ရပ်ကွက်များမှ တောင်သူ (၃၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ထားဝယ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းမြမှ မြေကိုစနစ်တကျပျိုးထောင်ရန်၊ အရည်အသွေးမီ ဓါတ်မြေသြဇာများကို စျေးနှုန်း နည်းနည်းဖြင့် ရောင်းချရန် စီစဉ်ထားကြောင်း၊ သဘာဝဓါတ်ပစ္စည်းများကို စနစ်တကျ ကိုင်တွယ်ရန်၊ စိုက်နည်းစိုက်ဟန်ဖြင့် စိုက်ပျိုးရန်၊ မိမိအိမ်မြေနေရာလွတ်မှာ တစ်ပိုင်တစ်နိုင် သီးနှံများစိုက်ပျိုးရန်၊ ပိုးသတ်ဆေးကို လိုအပ်မှအသုံးပြုရန်၊ ပျိုးပင်သန်မာမှ လေလွှင့်ဆုံးရှုံးမှုကို လျော့ချနိုင်ကြောင်း တောင်သူများအား အသိပညာပေးရှင်းလင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းမှ စပါးစိုက်ပျိုးရာတွင် နည်းပညာလိုအပ်သလို လူကသာအဓိကကျကြောင်း ဓါတ်မြေသြဇာများစနစ်တကျအသုံးပြုရန်၊ ပိုးသတ်ဆေးကို လိုအပ်သည်ထက်ပိုမဖြုန်းရန်၊ မျိုးကောင်းမျိုးသန့်သုံး ဓါတ်မြေသြဇာများကိုအသုံးရန်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် တောင်သူများအား စနစ်တကျစိုက်ပျိုးနိုင်ရန် ကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော တောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သားကြီး (သရက်ချောင်း)