မြို့ပေါ်ရပ်ကွက်နေပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရန် ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပွင့်ဖြူ ဇွန် ၂၃

မကွေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းရုံး လက်အောက်ရှိ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးတင့်ဇော်၏ လမ်းညွှန်မှုဖြင့် လိုင်းတာဝန်ခံ လျှပ်စစ်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က မြို့ပေါ်ရပ်ကွက်နေပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရန်နှင့် လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်၍ ဇွန် ၂၃ ရက်၊ ယနေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ ၄၀၀ ဗို့ ဓာတ်အားလိုင်း ထရန်စဖော်မာမှ ဓာတ်အားဖြန့်ဖြူးပေးထားသော Feeder(2) ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရန် Breaker  အသစ်လဲလှယ်တပ်ခြင်းလုပ်ငန်းနှင့် ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာ၌ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ လျှပ်စစ်လိုင်းတာဝန်ခံ ဦးလှဝင်းအောင် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က မြို့ပေါ်ရပ်ကွက်နေပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရန်အတွက် ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ ၄၀၀ ဗို့ ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ထရန်စဖော်မာမှ ဓာတ်အားဖြန့်ဖြူး ပေးထားသော Feeder(2) ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးအတွက် Breaker  အသစ်လဲလှယ်တပ်ဆင်ခြင်း လုပ်ငန်းများကို စစ်ဆေးထိန်းသိမ်းပြုပြင် ဆောင်ရွက်ပေးခဲ့ကြသည်။ ယခုအခါ ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ ထရန်စဖော်မာမှ ၄၀၀ ဗို့ ဓာတ်အားလိုင်း Feeder(2) အား Breaker  အသစ်လဲလှယ်တပ်ဆင် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ မြို့ပေါ်ရပ်ကွက်နေပြည်သူများ လျှပ်စစ်မီးလာချိန်တွင် စိတ်အေးချမ်းသာစွာဖြင့် ရယူသုံးစွဲနိုင်ပြီဖြစ်ကြောင်း အဆိုပါ မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ လျှပ်စစ်လိုင်းတာဝန်ခံ ဦးလှဝင်းအောင်ထံက သိရသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )