ငဖဲ ဇွန် ၂၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများနှင့်ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားစေရေး၊ နေ့ကြီးရက်ကြီး အထိမ်းအမှတ်နေ့များသိရှိစေရန်နှင့် တစ်မျိုးသားလုံးလူညွန့်တုံးစေမည့် မူးယစ်ဆေးဝါး၏ အန္တရာယ်ကိုသိရှိပြီး ရှောင်ရှားနိုင်စေရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ငဖဲမြို့လူစည်ကားရာ နေရာများနှင့် အခြေခံပညာအထက်တန်းကျောင်း၌ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
၂၀၂၂ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးပြဿနာနှင့် ဖွံ့ဖြိုးတိုးတက်ရေး(ဆောင်းပါး)၊ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ၊ မူးယစ်ဆေးဝါးပပျောက်ရေး ဘက်ပေါင်းစုံတားဆီး နှိမ်နှင်းကာကွယ်လျက်ရှိ၊ မူးယစ်ဆေးဝါးပပျောက်ရေး မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်၊ ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ်(ကဗျာ)၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ဓါတ်ပုံနှင့်ရုပ်ပြများ၊ ဆောင်ပုဒ်များ ပါဝင်ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ငဖဲမြို့ လူစည်ကားရာနေရာများတွင် ပြည်သူများနှင့် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)