လေးမျက်နှာမြို့နယ် ရှမ်းရွာကျေးရွာတွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထယ်ထိုးမြေဆီလွှာ ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

လေးမျက်နှာ ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထယ်ထိုးမြေဆီလွှာ ထည့်သွင်းစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်း၌ ရှမ်းရွာကျေးရွာအုပ်စု ရှမ်းရွာကျေးရွာ ကွင်းအမှတ်(၁၁၅၅)၊ ဦးပိုင်(၅၈) တောင်သူဦးအုန်းသန်း၏ လယ်မြေတွင် ပြုလုပ်ခဲ့သည်။

မိုးစပါးရာသီမြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်း စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲတွင် လေးမျက်နှာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးစောဝင်းရွှေမှ တက်ရောက်လာသူများအား သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်း စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇုးများနှင့် မြေဆီလွှာ၏ ဂုဏ်သတ္တိများ ပြောင်းလဲလာကာ ဓာတ်မြေသြဇာ လျှော့ချသုံးစွဲနိုင်ပြီး စပါးအထွက်နှုန်းတိုးတက်စေကြောင်း ရှင်းလင်းတင်ပြသည်။ ထို့နောက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းကို ဆောင်ရွက်ရာ တက်ရောက်လာသူများမှ ကြည့်ရှုအားပေးခဲ့သည်။ လေးမျက်နှာမြို့နယ်၌ ၂၀၂၂ခုနှစ် မိုးစပါးရာသီတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ၁၀၀၈ ဧက ထည့်သွင်း စိုက်ပျိုးထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွင်းသရုပ်ပြပွဲသို့ လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအတွင်းရှိ စိတ်ပါဝင်စားသူတောင်သူများ တက်ရောက်ခဲ့သည်။

ကျော်ဟိန်း(ပြန်/ဆက်)