ဆင်ပေါင်ဝဲ ဇွန် ၂၃
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟု သုတတိုးပွားစေရေးအတွက် ရည်ရွယ်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးတင့်လွင်မှ မူးယစ်ဆေးဝါးရောင်း ဝယ်သုံးစွဲခြင်းကြောင့် အရေးယူခံရမည့် ပြစ်မှုဆိုင်ရာများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးနိုင်လင်းက မူးယစ်ဆေး ဝါးသုံးစွဲခြင်းကြောင့် ရရှိမည့်ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သုသုအေးနှင့် ဝန်ထမ်းများက လူထုအခြေပြုဗဟိုဌာနတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် အသိပညာပေးမှတ်တမ်းဓာတ်ပုံများနှင့် စာအုပ်စာစောင်များကို ခင်းကျင်းပြသဆောင်ရွက်ပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း (ပြန်/ဆက်)