တောင်ငူ ဇွန် ၂၃
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တောင်ငူခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ အခြေခံငါးမွေးမြူရေးနှင့် ရေချိုးငါးများ ဆေးထိုးသားဖောက်ခြင်း နည်းပညာပေး သင်တန်းကို ကန်ရိုးကျေးရွာ ကေတုမတီငါးမွေးမြူရေး ကုန်ထုတ်သမဝါယမ အသင်းလီမိတက် ကန် ၁၀၀ ငါးမွေးမြူထုတ်လုပ်ရေး စခန်း၌ ယနေ့မွန်းလွဲပိုင်းကကျင်းပရာ တက်ရောက်ကြသူများအား စာတွေ့လက်တွေ့သင်ကြားပို့ချသည်။
သင်တန်း၌ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ငါးမွေးတောင်သူများအနေဖြင့် ငါးမွေးမြူရာတွင် နည်းစနစ် မှန်မှန်ကန်ကန်မွေးမြူနိုင်ရေး၊ အခြေခံငါးမွေးမြူနည်းများကို တစ်ပိုင်တစ်နိုင်မှတစ်ဆင့် လုပ်ငန်းတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် မွေးမြူနည်းအဆင့်ဆင့်များနှင့် ရေချိုငါးများကို စနစ်တကျ ဆေးထိုးသားဖောက်နည်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်ကြသည့် သင်တန်းသား သင်တန်းသူ ၃၀ ဦးနှင့်အတူ ငါးကန်များမှ ဆွဲပိုက်ဖြင့် ဆွဲယူရရှိသည့် ငါးများမှ မျိုးငါးများ ရွေးချယ်နည်း၊ ဆေးထိုးသား ဖောက်နည်း များအား လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါသင်တန်းသို့ ငါးမွေးမြူသည့် တောင်သူများအပြင် စိတ်ပါဝင်စားသည့်ဒေသခံပြည်သူများ၊ တောင်ငူတက္ကသိုလ် သတ္တဗေဒဌာနမှ ဆရာဆရာမများ၊ ကျောင်းသူများ တက်ရောက်လေ့လာခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်