(၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြိုအသိပညာပေးဟောပြော

ဖြူး ဇွန် ၂၃

၂၀၂၂ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်မည့် (၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲကို အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများ မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာများရရှိစေရေးအတွက် ရည်ရွယ်ကာ ယမန်နေ့ မွန်းလွဲ(၁)နာရီက ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရာပြည့်ခန်းမတွင် ဖြူးမြို့နယ် ရဲတပ်ဖွဲ့၊ မြို့မရဲစခန်းမှ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မူးယစ်ဆေးဝါးစတင်တွေ့ရှိခဲ့ပုံ အဆင့်ဆင့်အကြောင်း၊ မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များအကြောင်း၊ မူးယစ်ဆေးဝါးအမျိုးအစားအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲဖြစ်နိုင်သည့် အကြောင်းအရာများ၊ မူးယစ်ဆေးဝါး သုံးစွဲနေသူများ၏ သွင်ပြင်လက္ခဏာများအကြောင်းနှင့် ဆိုးကျိုးများအကြောင်း၊ ကျခံရမည့်ပြစ်ဒဏ်များအကြောင်းကို ဖြူးမြို့နယ် ရဲတပ်ဖွဲ့၊ မြို့မရဲစခန်းမှ စခန်းမှူး၊ဒုရဲမှူး အောင်လင်းနှင့် တာဝန်ရှိသူများက ရှင်းလင်းဟောပြောပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တက်ရောက်လာကြသော အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများက မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သိရှိလိုသည့် အကြောင်းအရာများအား မေးမြန်းကြရာ စခန်းမှူး အောင်လင်းက ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်း ၂၀၂၂ ခုနှစ်အတွင်း လက်ရှိအခြေအနေအရ မူးယစ်ဆေးဝါး အမှုပေါင်း (၆)မှုမှာ တရားခံ(၁၁)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်းနှင့် လူငယ်များအနေဖြင့် မူးယစ်ဆေးဝါး အန္တရာယ်ကို သိရှိနားလည်စေရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖြူးမြို့မရဲစခန်းမှူးထံမှ သိရသည်။

နေမျိုးလွင်