ကျွန်းလှ ဇွန် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ တစ်ပိုင်တစ်နိုင် ခဝဲစိုက်ပျိုးသူများ မိသားစုဝင်ငွေရရှိနေကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ ခဝဲသီးနှံကို ဒီနှစ်မှစပြီး အပင် ၅၀၀ စိုက်ပျိုးထားပါတယ်။ မျိုးဖိုး၊ မြေဩဇာ၊ လုပ်အားခ ငွေကျပ် ၅၀၀၀၀ လောက်ကုန်ကျသော်လည်း စဉ်ဆောက်တဲ့စရိတ်က ငွေကျပ် ၂၅၀၀၀၀ ခန့်ကုန်ကျတာပါ။ ခဝဲသီးကို သုံးလလောက် ကောက်ယူရပြီး အခုတစ်လကောက်ယူရာမှာ ပိဿာချိန် ၅၀ ကျော်ရရှိနေပါတယ်။ တစ်ပိဿာ ငွေကျပ် ၈၀၀ ရောင်းရပါတယ်။ ခဝဲစိုက်ပျိုးရာမှာ ကုန်ကျစရိတ်သက်သာပြီး နေ့စဉ်မိသားစုအတွက် ဝင်ငွေလည်းရရှိတာကြောင့် ဆက်လက်စိုက်ပျိုးဖို့ ရည်ရွယ်ထားပါတယ် “ ဟု ခဝဲစိုက်တောင်သူတစ်ဦးက ပြောပြသည်။
ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက်သီးနှံများကို ချောင်းပိတ်၊ မြောင်းပိတ်၊ မြေအောက်ရေတင်စနစ်ဖြင့် ခဝဲ၊ ငရုတ်၊ ရုံးပတီ၊ ကန့်လန့်၊ မုံ့ညှင်း၊ မုံလာထုတ်၊ ပန်းမုံလာ၊ ခရမ်း၊ ခရမ်းချဉ် စသည့်သီးနှံမျိုးစုံစိုက်ပျိုးကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ