မင်းဘူးမြို့မစျေးကြီးအတွင်း ရောင်းချနေသော ကုန်စုံဆိုင်များတွင် သတ်မှတ် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိ စစ်ဆေး

မင်းဘူး စက်တင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့မဈေးကြီးအတွင်း၌ ရောင်းချနေသော ကုန်စုံဆိုင်များတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြား ချက်များအတိုင်းလိုက်နာဆောင်ရွက်မှု ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မင်းဘူးမြို့မဈေးကြီးအတွင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် “မြို့မဈေးကြီးအတွင်း ရောင်းချနေသာ ကုန်စုံဆိုင်များတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်မှုရှိစေရေးအတွက် သောက်ရေသန့်ဘူး ထုတ်လုပ်သည့်လုပ်ငန်းများ၌ ရေသန့်ဘူးများ သယ်ယူဖြန့်ဖြူးရာတွင် အမိုးအကာမပါဘဲ ဖြန့်ဖြူးနေခြင်း၊  စျေးများနှင့် လက်လီ/လက်ကား စျေးဆိုင်များတွင် သောက်ရေသန့်ဘူးများကို နေပူထဲတွင်ထားရှိ၍ ရောင်းချခြင်းများ ရှိ/မရှိ၊ ပလပ်စတစ်စားသောက်ကုန် ထုတ်ပိုးပစ္စည်းအန္တရာယ်နှင့် ပတ်သက်၍ လိုက်နာရမည့်ညွှန်ကြားချက်များနှင့်အညီရောင်းချစေခြင်း၊ ကန့်သတ်ထားသော ဘုတ်ဆုံမအရောင်တင်မှုန့်၊ လားရှိုးပဲငါးပိ၊ ရွှေကံ့ကော် အရောင်တင်မှုန့်/ အလှော်မှုန့်တို့ကို ထပ်မံရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း” မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမြင့်ကြည်က ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ဆောင်ရွက်မှုများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ကျဝန်ထမ်းများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က ပူးပေါင်း၍ စစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း၊ သတ်မှတ် စည်ကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)