ဘားအံမြို့၌ တိရစ္ဆာန်အစာ နေဗီယာမြက်သရုပ်ပြစိုက်ခင်း ကွင်းဆင်းကြည့်ရှု

ဘားအံ ဇွန် ၂၃

ဘားအံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်  ဘားအံမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် (၁၁) နာရီက ဘားအံမြို့နယ်၊ ကော့ထော်ကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာရှိ တောင်သူဦးအေးထွန်းအောင် စိုက်ပျိုးထားသော (၂) ဧကခန့်ရှိ နေဗီယာမြက်သရုပ်ပြစိုက်ခင်း စိုက်ပျိုး ထားရှိမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုရာတွင် ဘားအံမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဒေါက်တာစောဖောင်ဟိက  တိရစ္ဆာန်အစာပင် စိုက်ပျိုးရခြင်းနှင့် ပတ်သက်၍  နေ့စဉ် တိုးတက်လာသည့် လူဦးရေနှင့်အညီ စားနပ်ရိက္ခာလိုအပ်ချက်မှာလည်း များပြားလာကြောင်း၊ စားနပ်ရိက္ခာတွင် အပါအဝင်ဖြစ်သည့် အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွဲ၊ နွား၊  သိုး၊ ဆိတ် အစရှိသည့် မွေးမြူရေးလုပ်ငန်းများ တိုးတက်လာစေရန် လိုအပ်လျက်ရှိကြောင်း၊ လူဦးရေတိုးတက် လာသည်နှင့်အမျှ လူနေအိမ်ရာများ၊ စိုက်ပျိုးမြေချဲ့ထွင်မှုများကြောင့် ကျွဲနွားများအတွက် လွတ်ကျောင်းစားကျက် အသုံးပြုနိုင်သည့် မြေဧရိယာ မှာလည်း တဖြည်းဖြည်းကျဉ်းမြောင်းလာသည့်အတွက် တိရစ္ဆာန်များအစာရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ရန် မြေနေရာကျဉ်းကျဉ်း တွင် အာဟာရတန်ဖိုးမြင့်မားသည့် တိရစ္ဆာန်အစာပင်စိုက်ပျိုး၍ ရိတ်သိမ်းကျွေးမွေးသည့် Cut and carry စနစ်သို့ ပြောင်းလဲ ကျင့်သုံးခြင်းဖြင့် ကျွဲ၊ နွား၊ သိုး၊ ဆိတ် မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုး တက်လာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ခရိုင် (ပြန်/ဆက်)