ဘိုကလေးမြို့နယ်တွင် မိချောင်းကိုက်ခံရ၍ ဆေးဝါးကုသနေသူအား ကူညီထောက်ပံ့

ဘိုကလေး ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ ကဒုံကနိကြိုးဝိုင်း၊ ပျဉ်ဒရယ်ကြိုးဝိုင်းတို့နှင့် ဆက်စပ်ရာ သဘာဝဒီရေတောများသည် ရေချိုရေငန်စပ် မိချောင်းများ မျိုးပွားခိုလှုံရာ ကျက်စား သည့် နေရာများဖြစ်သည့်အပြင် ယခုရာသီ ဧပြီလမှ ဇွန်လအထိ မိချောင်းများ၏ သဘာဝအမူအကျင့်အရ မိတ်လိုက်ရာသီ ဖြစ်သည့်အတွက် ဒီရေတောများနှင့် ဆက်စပ်နေထိုင်ကြသူများအဖို့ မိချောင်းအန္တရာယ် မလွဲမသွေ ရှိနေကြသည်။

ဘိုကလေးမြို့နယ်၊ ရေကျော်တိုးကျေးရွာအုပ်စု၊ ကျွန်းသစ်စုကျေးရွာတွင် နေထိုင်သူ အမျိုးသားတစ်ဦးသည် ဇွန်(၁၆) ရက်နေ့ ညနေပိုင်းက ကျွန်းသစ်စု ကျေးရွာချောင်းအတွင်း ရေချိုးဆင်း၍ မိချောင်းကိုက်ခံရသဖြင့် ဒဏ်ရာများ ရရှိကာ ဖျာပုံပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသနေရပြီး ၎င်း၏ဆေးဝါးကုသစရိတ်အတွက် မြို့နယ်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးသော်ထက်အောင်နှင့် ဝန်ထမ်းများမှ မိချောင်းကိုက်ခံရသူ၏ ကျေးရွာအုပ်စုသို့ ဇွန်(၂၁) ညနေပိုင်း၌ ကွင်းဆင်း၍ အုပ်ချုပ်ရေးတာဝန်ရှိသူများ၏ ရှေ့မှောက်၌ မိချောင်းကိုက်ခံရသူ မိသားစုဝင်၏ လက်ဝယ်အရောက် ထောက်ပံ့ငွေ(၅)သောင်းကျပ် ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)