ညောင်တုန်း ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးမြေများတွင် သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် တူးချောင်းကျေးရွာအုပ်စုနှင့် ညောင်ဝိုင်းကျေးရွာအုပ်စုတို့ရှိ တောင်သူများနှင့် တွေ့ဆုံ ဆွေးနွေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲရုံး ခန်းမ၌ ပြုလုပ်ခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးက နွေစပါး၊ မိုးစပါး၊ ဆောင်းသီးနှံ စိုက်ဧကများလျာထားချက် ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ချိုမီဇင်က ဆီထွက်သီးနှံနေကြာ စိုက်ပျိုးခြင်းသည် ပြည်တွင်းစားသုံးဆီဖူလုံ၍ ပြည်ပမှ စားအုန်းဆီတင်သွင်းမှု လျှော့ချနိုင်ရေး၊ ပြည်တွင်းစားသုံးဆီ ဈေးကွက် ပိုမိုရရှိစေရေး၊ ဆီစက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေး၊ နိုင်ငံခြားငွေအသုံးပြုမှု လျော့နည်း သက်သာလာစေရေး စသည့် ရည်ရွယ်ချက်များနှင့် တောင်သူများ အသုံးပြုလျက်ရှိသည့် စိုက်ပျိုးရေးဆေးများနှင့် မျိုးစေ့ များ ဝယ်ယူသုံးစွဲရာတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး အကြောင်းအရာများကို ဆွေးနွေးပြောကြား၍ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက စိုက်ပျိုးနည်းစနစ် မှန်ကန်ရေးနှင့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ နည်းစနစ် မှန်ကန်စွာမြေပြုပြင်ပေးခြင်း၊ စားသုံးဆီဖူလုံရေးနှင့် ဝင်ငွေတိုးစေရန် ဆောင်းသီးနှံနေကြာအား သီးထပ် သီးညှပ် လျာထားချက်အတိုင်း စိုက်ပျိုးကြရေးဆွေးနွေး မှာကြားပြီး တက်ရောက်လာကြသည့် တောင်သူများမှ သိရှိလို သည်များကို ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)