ရှမ်းရွာသစ် ဇွန် ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေး နံရံကပ်စာစောင် ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် သွေးလွန်တုပ်ကွေးအစခြင်ကျားက၊ သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများ၊ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားပါက ရှောင်ရန်၊ ဆောင်ရန်အချက်များနှင့် လိုက်နာရမည့် အချက်များ၊ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ ကလေးများနှင့် သွေးလွန်တုပ်ကွေးအန္တရာယ်၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ခြင်ကျားလောက်လန်းများနှိမ်နင်းပေး၊ ဖုံး၊ သွန်၊ လဲ၊ စစ်အကြောင်းအရာများနှင့် သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေးစာစောင်များကို ပြသဆောင်ရွက်ထားရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ ဗဟုသုတ ရရှိရန်အတွက် ကျန်းမာရေးအသိပညာပေး၊ ပညာရေးဆိုင်ရာ အသိပညာပေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေး၊ လူကုန်ကူးမှုအန္တရာယ်တားဆီး ကာကွယ်ရေး စသည့်အခြားအသိပညာပေးနံရံကပ်စာစောင်များကို တစ်လလျှင် နှစ်ကြိမ်ပုံမှန် လဲလှယ်ပြသဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)