ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူ (၂၉၈) ဦး ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီး

ရှမ်းရွာသစ် ဇွန် ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ရှမ်းရွာသစ်မြို့အတွင်းရှိ အသက်(၅)နှစ်မှ (၁၅)နှစ်အထိ ကျောင်းသား/သူ (၂၉၈) ဦး ထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ ပညာရေးဌာနမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုတာဝန်ရှိသူများနှင့် ကျောင်းသားမိဘများ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပြီး မြို့အတွင်းရှိ အသက်(၅)နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား/သူ (၃၆၉) ဦး လျာထားကာ ကျောင်းသား/သူ (၂၈၅) ဦးနှင့် အသက် (၁၂) အထက် ကျောင်းသား/သူ(၁၃)ဦး စုစုပေါင်း (၂၉၈) ဦး ထိုးနှံပေးနိုင်ခဲ့ပြီး ဇူလိုင်လ (၅) ရက်နေ့မှစ၍ ဒုတိယအကြိမ်အဖြစ် ကာကွယ်ဆေးဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် မြို့ပေါ် (၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ ရဟန်းသံဃာတော်များ၊ သက်ကြီး ဘိုးဘွားများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၁၈)နှစ်အထက် ဒေသနေပြည်သူများ၊ အသက် (၁၂) နှစ်ပြည့်ပြီး ကျောင်းနေအရွယ်ကလေးများနှင့် အသက်(၅)နှစ်မှ(၁၂)နှစ်ထိ ကျောင်းနေအရွယ် ကလေးငယ်များ၊ အကြောင်းအမျိုးမျိုးကြောင့် တစ်ကြိမ်တစ်ခါမျှ ကာကွယ်ဆေး မထိုးနှံရသေးသူများ၊ ကာကွယ်ဆေးထိုးနှံခွင့်ရှိသူများအားလုံး တစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေးအတွက် စဉ်ဆက်မပြတ် အလေးထားကာ အသိပညာပေးနှိုးဆော်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)