ရွှေကျင် ဇွန် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၂ခုနှစ် မိုးရာသီတိရစ္ဆာန်အစာပင်နေဗီယာမြက် စိုက်ပျိုးခြင်းအား ယနေ့နံနက်(၁၀)နာရီက စလူချောင်း ကျေးရွာရှိ မွေးမြူရေးလုပ်ကိုင်သူ ဦးအောင်ထွေး၏နေဗီယာမြက် (၂)ဧက စိုက်ပျိုးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမင်းသူနှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ကြီးကြပ်မှုကော်မတီမှ ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ရှေးဦးစွာ ရွှေကျင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာထူးမြတ်က တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းဖြင့် လွှတ်ကျောင်းစနစ်မှ ခြံလှောင်မွေးမြူသည့် စနစ်သို့ ကူးပြောင်းပြီး တိရစ္ဆာန်မှထွက်ရှိသော စွန့်ပစ်ပစ္စည်းများကို သဘာဝမြေဩစာအဖြစ် ပြန်လည်အသုံးပြုနိုင်ခြင်း၊ အစာရေစာရှားပါးသော ဒေသများနှင့် အစာဖိုးကုန်ကျစရိတ် မြင့်တက်နေချိန်တို့တွင် ဖြည့်စွက်အစာစိမ်းအနေဖြင့် (ဖွဲနု၊ ပဲဖတ်၊ နှမ်းဖတ်)အစရှိသည့် ဒေသထွက်အစာနုနှင့် ရောစပ်ကျွေးမွေးခြင်းဖြင့် တိရစ္ဆာန်များအတွက် အာဟာရပြည့်ဝစွာရရှိခြင်း၊ ထုတ်လုပ်မှုကောင်းစွာရရှိခြင်းနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ တိရစ္ဆာန်အစာပင် စိုက်ပျိုးထားရှိခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထွန်းထွန်းဇော်