ထန်းတပင်(ပဲခူး) ဇွန် ၂၃
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြေမြှုပ်ခြင်း အခမ်းအနားကို အောင်မင်္ဂလာကျေးရွာအုပ်စု တောင်သူဦးမြင့်စိုး၏ လယ်ယာ၌ ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ တောင်ငူခရိုင် အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင် တောင်ငူခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးမြတ်မင်းထွေးနှင့် ခရိုင်စိုက်ပျိုးညှိနှိုင်းမှုအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးညှိနှိုင်းမှု အဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ထန်းတပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကိုကိုစိုးမှ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးနည်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် အဓိကသီးနှံခင်းစိုက်ခင်းအား ဧပြီလလယ်မှ မေလအတွင်း စပါးပြောင်းရွေ့စိုက်ပျိုးချိန်တွင် သစ်စိမ်းမြေသြဇာအပင်၏ သက်တမ်း (၄၅)ရက်သားရှိနေရန် ချိန်ညှိစိုက်ပျိုးရန်လိုအပ်ကြောင်း သစ်စိမ်းမြေသြဇာအပင်ကို ပင်စည်အသားမာမလာမီ အပွင့်အသီးမတည်မီတွင် ထယ်ထိုးမြေမြှုပ်ပါက အာဟာရဓာတ်အမြင့်ဆုံးကို ရရှိမည်ဖြစ်ကြောင်း သစ်စိမ်းမြေသြဇာကို ထယ်ထိုးမြေမြှုပ်ခြင်းအားဖြင့် နိုတ်ထရိုဂျင်ဓာတ်၊ ဖော့စဖောရပ်နှင့် ပိုတက်စီယမ်ဓာတ်တို့ကို ရရှိပြီး အခြားအနည်းလိုအာဟာရဓာတ်များအပြင် သစ်ဆွေးဓာတ်များပါရရှိစေပြီး မြေသားတည်ဆောက်မှုကို တိုးတက်ကောင်းမွန်စေကြောင်း ဖွယ်သောမြေကိုစေး၍ စေးသောမြေကိုလည်းဖွယ်စေသည့်အပြင် မြေဆီလွှာအား ရေမြေတိုက်စားမှု ဒဏ်မှလည်း ကာကွယ်ပေးကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထန်းတပင်မြို့နယ်၌ ယခုနှစ်မိုးရာသီတွင် သစ်စိမ်းမြေသြဇာအား ကျေးရွာအုပ်စု(၁၃) အုပ်စုတောင်သူ(၁၁၇)ဦးဖြင့် စိုက်ဧရိယာ(၃၅၇)ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)