သာပေါင်း ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက် ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်မှ စတင်၍ ဆက်လက်ထုတ်ချေးပေးနေလျက်ရှိသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ မန်နေဂျာ ဒေါ်သန်းသန်းအေးက တောင်သူ များအား မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်း၊ တစ်နှစ် ၅% အတိုးဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ချေးငွေများထုတ်ချေးပေးရာတွင် ယခင်နှစ်ချေးငွေ များ အချိန်မီပြန်လည်ပေးဆပ်ပြီးသည့် တောင်သူများအား ဦးစားပေး ထုတ်ချေးပေးလျက် ရှိကြောင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေများကို အကျိုးရှိစွာ သုံးစွဲစေရေးတို့ကို ရှင်းလင်းမှာကြားခဲ့ ပြီး လှေကြီးတတ်ကျေးရွာအုပ်စု၊ လှေကြီးတတ်ကျေးရွာမှ ၂၀၂၀-၂၀၂၁ မိုးစိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျေပြေ တောင်သူ (၉၁)ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် (၅၁၇)ဧကအတွက် ကျပ်သိန်းခုနှစ်ရာ ခုနှစ်ဆယ့် ငါးသိန်းငါးသောင်း ကို တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့သည်။
နိုင်ငံတော်မှ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သည့် တောင်သူများအား စိုက်ပျိုးစရိတ်အရင်းအနှီး ရရှိစေရေးအတွက် နှစ်စဉ်ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေအား မေလမှ စက်တင်ဘာလအထိ ထုတ်ချေးပေး သွားမည်ဖြစ်ကြောင်း၊ ယခင်နှစ်ကြွေးကျန်ရှိသည့် တောင်သူများ အနေဖြင့်လည်း ကြွေးကျန်များ ပေးဆပ်ပြီးပါက ဆက်လက်ထုတ်ချေးပေးသွား မည်ဖြစ်ကြောင်း၊ ကျေးရွာအုပ်စု(၆၀)၊ စိုက်ပျိုးဧက(၁၃၀၀၀)၊ ချေးငွေ(၁၉၅၀၀၀၀၀၀၀)ကို ထုက်ချေးပေးထားရန် လျာထားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ မြို့နယ်မန်နေဂျာ ဒေါ်သန်းသန်းအေးထံမှ သိရသည်။
မျိုးဇော်သိန်း