ထန်းတပင်(ပဲခူး) ဇွန် ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထယ်ထိုးမြေမြှုပ်ခြင်းအခမ်းအနားကို အောင်မင်္ဂလာ ကျေးရွာအုပ်စု တောင်သူဦးမြင့်စိုး၏လယ်၌ ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ တောင်ငူခရိုင်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းလှိုင် တောင်ငူခရိုင် စိုက်ပျိုးရေး ဦးစီးမှူးဦးမြတ်မင်းထွေးနှင့် ခရိုင်စိုက်ပျိုးညှိနှိုင်းမှုအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးညှိနှိုင်းမှုအဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများ တက်ရောက် ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ထန်းတပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကိုကိုစိုးမှ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) စိုက်ပျိုးနည်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် အဓိကသီးနှံခင်းစိုက်ခင်းအား ဧပြီလလယ်မှမေလအတွင်း စပါးပြောင်းရွေ့စိုက်ပျိုးချိန်တွင် သစ်စိမ်းမြေသြဇာအပင်၏ သက်တမ်း(၄၅)ရက်သားရှိနေရန် ချိန်ညှိစိုက်ပျိုးရန် လိုအပ်ကြောင်း သစ်စိမ်းမြေသြဇာအပင်ကို ပင်စည်အသားမာမလာမီ အပွင့်အသီးမတည်မီတွင် ထယ်ထိုးမြေမြှုပ်ပါက အာဟာရဓာတ်အမြင့်ဆုံးကို ရရှိမည်ဖြစ်ကြောင်း သစ်စိမ်းမြေသြဇာကို ထယ်ထိုးမြေမြှုပ်ခြင်းအားဖြင့် နိုတ်ထရိုဂျင်ဓာတ်၊ ဖော့စဖောရပ်နှင့် ပိုတက်စီယမ်ဓာတ်တို့ကိုရရှိပြီး အခြားအနည်းလို အာဟာရဓာတ်များအပြင် သစ်ဆွေးဓာတ်များ ပါရရှိစေပြီး မြေသားတည်ဆောက်မှုကို တိုးတက် ကောင်းမွန်စေကြောင်း ဖွယ်သောမြေကိုစေး၍ စေးသောမြေကိုလည်း ဖွယ်စေသည့်အပြင် မြေဆီလွှာအား ရေမြေတိုက်စားမှုဒဏ်မှလည်း ကာကွယ်ပေးကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထန်းတပင်မြို့နယ်၌ ယခုနှစ်မိုးရာသီတွင် သစ်စိမ်းမြေသြဇာအား ကျေးရွာအုပ်စု(၁၃) အုပ်စု တောင်သူ(၁၁၇)ဦးဖြင့် စိုက်ဧရိယာ(၃၅၇)ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)