တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးအတွင်း လူမှုရေးကိစ္စများဆောင်ရွက်ရန်အတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်

ထားဝယ် ဇွန် ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်တက္ကသိုလ် စာပေနှင့်အနုပညာအသင်းအတွက် လိုအပ်သောပစ္စည်းများဝယ်ယူရန်၊ ဓမ္မာရုံဆောက်လုပ်ရန်၊ ဘုရားကြီးဝင်းအတွင်း ဓာတ်တိုင်(၂)တိုင်ပြုလုပ်ရန်နှင့် ကင်ဆာဖောင်ဒေးရှင်းအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ထားဝယ်ခရိုင်အတွင်း လိုအပ်သောနေရာများတွင် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်၊ လူမှုရေးကိစ္စရပ်များတွင် အသုံးပြုကူညီပေးနိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လုပ်ငန်းရှင်များအား အကူအညီတောင်းပြီး ရရှိသောလှူဒါန်းငွေများဖြင့် လိုအပ်သောနေရာများတွင် ဆောင်ရွက်ပေးနိုင်မည့် အလှူငွေပေးအပ်သောအခမ်းအနားဖြစ်ကြောင်း၊ ရရှိလာသည့် အလှူငွေများအား လုပ်ငန်းများကိုဦးစီးဦးဆောင်၍ ဆောင်ရွက်မည့်သူများကိုပေးအပ်ပြီး လိုအပ်သည့်နေရာများတွင် အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်တစ်ခုတွင် ဓမ္မာရုံတစ်ခုရှိရန်လိုအပ်ကာ ကျောင်းသား/သူများအား ဘာသာသာသနာ၏ အဆုံးအမများနှင့်ဆက်နွယ်ပြီး အမျိုးဘာသာသာသနာအတွက်အသင်းအဖွဲ့များ တည်ထောင်လာနိုင်ကြောင်း၊ ထားဝယ်တက္ကသိုလ်တွင် အဆောင်အယောင်တစ်ခုအနေဖြင့် စာပေနှင့်အနုပညာအသင်းများထားရှိခြင်းဖြင့် ကျောင်းသား/သူများ၏ စိတ်နေစိတ်ထား၊ ခံယူချက်၊ လိမ္မာယဉ်ကျေးမှုများကို စာပေနှင့်ယဉ်ကျေးမှုက စတင်ရမှာဖြစ်ကြောင်း၊ ဘုရားကြီးဝင်းအတွင်း လိုအပ်သောဓာတ်တိုင်များကို လှူဒါန်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထားဝယ်ဒေသအတွင်း အများပြည်သူ ကျန်းမာရေးဝန် ဆောင်မှုအဆင်ပြေစေရန်ရည်ရွယ်၍ ဆေးရုံကြီးရှိ ကင်ဆာဖောင်ဒေရှင်းအတွက် အလှူငွေများပေးအပ်ရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အလှူငွေများ ဆက်လက်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုလိုမျိုးအလှူငွေများ ဝိုင်းဝန်းစုပေါင်းပြီးလှူဒါန်းပေးသော လုပ်ငန်းရှင်များအား ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းများက ထားဝယ်တက္ကသိုလ် တက္ကသိုလ်စာပေနှင့် အနုပညာအသင်းအတွက် လိုအပ်သောပစ္စည်းများဝယ်ယူရန်၊ ဓမ္မာရုံဆောက်လုပ်ရန်၊ ဘုရားကြီးဝင်းအတွင်း ဓာတ်တိုင်(၂)တိုင်ပြုလုပ်ရန်နှင့် ကင်ဆာဖောင်ဒေးရှင်းအတွက် အလှူငွေကျပ် စုစုပေါင်း ၅၉၃.၅ သိန်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် အလှူရှင်များကပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံယူသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးတို့က ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများက လက်ခံယူပြီး ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)