မော်လမြိုင်ကျွန်း ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ သဘာဝဘေးနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲအား အမှတ် (၈) ရပ်ကွက်၊ တုံးလှဲရပ် အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျင်းပသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်က ယနေ့လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမင်းဇော်လတ်က အစားအသောက်များတွင် ဓါတုဆိုးဆေးများ သုံးစွဲမှုအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးကာ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုဦးစီးမှူး ဦးအောင်အောင်က ကလေးအလုပ်သမားပပျောက်ရေး အကြောင်း ဆွေးနွေးခဲ့ပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာလင်းက မုန်တိုင်းဘေး၊ ငလျင်ဘေးအန္တရာယ်များ အကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက အားကစားပစ္စည်းများ ထောက်ပံ့ပေးခဲ့ ပြီး ကျောင်းသား၊ ကျောင်းသူများအား အခြေခံသွေးပူလေ့ကျင့်ခန်း များ၊ အကြောလျော့လေ့ကျင့်ခန်းများ လက်တွေ့ သင်ကြားပြသပေးပြီး (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံအုပ်ကြီး ဦးခိုင်ထွန်းဇော် ဦးဆောင်သည့် နယ်လှည့်ဆေးကုသရေး အဖွဲ့မှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများအား တိုင်းရင်းဆေးအခမဲ့ ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)