ကဝမြို့နယ်၌ ၂၀၂၂ခုနှစ်၊ မိုးရာသီ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ် ကွင်းဆင်းဆောင်ရွက်

ကဝ ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ မိုးရာသီ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်  အစီအစဉ်အရ   စိုက်ပျိုးရေး၊   မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကဝမြို့နယ် အုန်းနှဲကျေးရွာရှိ တောင်သူဦးဌေးအောင်၏ မိုးစပါးစိုက်ပျိုး၍မရသော လယ်မြေ(၁)ဧကတွင် မိုးရာသီ တိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။

အဆိုပါ သရုပ်ပြစိုက်ပျိုးပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးခြင်း၊ စိုက်ပျိုးရေးဦးစီးမှူး ဦးရဲကိုကိုက ကိုင်းကူးကိုင်းဆက်နည်းပညာ သရုပ်ပြခြင်းနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာကျော်ဇာနည်အောင်မှ တိရစ္ဆာန်အစာပင် (နေပီယာမြက်)နှင့်  ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသော တောင်သူများထံသို့ နေပီယာမြက်မျိုးများ ဖြန့်ဝေပေးပြီး၊ တိရစ္ဆာန်အစာပင် (နေပီယာမြက်) များ သရုပ်ပြစိုက်ပျိုးခြင်းနှင့် စိုက်ပျိုးရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)