ဘားအံ ဇွန် ၂၃
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ နာယက ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်အနေဖြင့် ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် နောက်ဆုံးကျင်းပခဲ့ပြီး သက်မွေးပညာသင်တန်းများကိုလည်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းကော်မတီအသီးသီးအနေဖြင့် မိမိတို့၏လုပ်ငန်းတာဝန်များကို အဓိကထားဆောင်ရွက်ပြီး လုပ်ငန်းကော်မတီ အချင်းချင်းသော်လည်းကောင်း၊ လူမှုမိတ်ဖက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့်သော်လည်းကောင်း ချိတ်ဆက်ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ကြရန် အဖွင့်အမှာ စကားပြောကြားသည်။
ထို့နောက် ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစိုးလွင်က ပြည် နယ်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို တစ်လတစ်ကြိမ်ကျင်းပ သွားမည်ဖြစ်ကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအလိုက် ဆောင် ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီနှင့် စောင့်ကြည့်အကဲဖြတ်စိစစ်ရေးလုပ်ငန်းကော်မတီမှ အတွင်းရေးမှူး၊ ပြည်နယ်အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက ကလေးအလုပ်သမားနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် လုပ်ငန်းကော်မတီ(၈)ရပ်မှ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများက မိမိတို့ကော်မတီ၏ ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြကြရာ အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီနာယက ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)