ကဝ ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများ၊ အခြေခံတိရစ္ဆာန်ကျန်းမာရေးလုပ်သား (CAHW)များနှင့် တွေ့ဆုံပွဲကို ယမန်နေ့နေ့လည်ပိုင်း က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှုး ဒေါက်တာဝင့်သူက စီးပွားဖြစ်လွယ်ကူစွာဆောင်ရွက်နိုင်ပြီး စျေးကွက်နှင့် စျေးနှုန်းကောင်းမွန်သော ဒေသကြက်အား ပြည်သူများ အိမ်တိုင်းမွေးမြူရေးအတွက် စည်းရုံးဆောင်ရွက်ကြရန်၊ တိရစ္ဆာန်အစာပင် (နေပီယာ)မြက် စိုက်ပျိုးကြရန်၊ နွားမျိုးကောင်းမျိုးသန့်များ ပြန့်ပွားရေးနှင့် မွေးမြူရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် မေထုန်မဲ့နွားသားစပ်ခြင်းလုပ်ငန်း ပိုမိုအောင်မြင်အောင် ဆောင်ရွက်ကြရန်၊ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာသော ဝန်ထမ်းများနှင့် ကျန်းမာရေးလုပ်သားများက သိရှိလိုသည်များကို မေးမြန်းတင်ပြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)