သရက်ချောင်း ဇွန် ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်သော ဘက်စုံပိုးမွှားရောဂါကာကွယ် နှိမ်နှင်းရေးနည်းပညာပေးရက်တိုသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါနည်းပညာပေးအခမ်းအနားသို့ ထားဝယ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒုတိယညွှန်ကြားရေးမှူး ဦးထွန်းမြ၊ ထားဝယ်ခရိုင် သီးနှံကာကွယ် ရေးတာဝန်ခံ ဒေါ်ဝါဝါချို၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မြို့ပေါ်ရပ်ကွက် များမှ တောင်သူ (၃၀)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
အဆိုပါနည်းပညာပေးရက်တိုသင်တန်းတွင် ထားဝယ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းမြမှ အဖွင့်အမှာစကားပြောကြားကာ ဆစ်ပိုးများကျရောက်မှုကိုထိရောက်စွာကာကွယ်နိုင်ရန် ရှင်းလင်းပြောကြားခြင်း၊ စပါးပင်များပိုးမွှားအန္တရာယ်မကျရောက စေရန် စနစ်တကျပြုစုပျိုးထောင်ရန် လိုအပ်ချက်များကိုဆွေးနွေးပြောကြားခြင်း၊ စပါးပင်များ ပိုးမွှားအန္တရာယ်ကျရောက်သည့်အခါ တာဝန်ရှိသူများထံသို့ အချိန်မီအကြောင်းကြားရန်ပြောကြားခြင်း၊ စပါးများကိုနည်းလမ်းကျကျ စိုက်ပျိုးရန်ပြောကြားခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် စပါးများပျက်ဆီးဆုံးရှုံးနိုင်ခြင်းမှရှောင်ရှားနိုင်ရန် ရှင်းလင်းဆွေးနွေးခဲ့ ကြောင်းသိရသည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းမှ တောင်သူလယ်သမားများအား နည်းပညာအသုံးပြု၍ စပါးပင်များစနစ်တကျစိုက်ပျိုးနိုင်ရန် Viber Group၊ Messenger Group များဖွဲ့၍ လိုအပ်သည်များကို ရှင်းလင်းနိုင်ရန်ပြောကြားခြင်း၊ ပိုးမွှားအန္တရာယ်ကင်းရှင်းနိုင်ရန် စပါးပင်များကို နည်းလမ်းတကျစိုက်ပျိုးနိုင်အောင် ရှင်းလင်းပြောကြားပြီး တက်ရောက်လာသောတောင်သူများက သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သားကြီး(သရက်ချောင်း)