Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်သော ကျေးရွာတွင်းလမ်းချောင်း ကျောက်ခင်းခြင်းနှင့် ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းများရာနှုန်းပြည့်ပြီးစီး

ဟင်္သာတ  စက်တင်ဘာ  ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားသည့် ကာလတွင် အလုပ်အကိုင် အခွင့်အလမ်းနှင့် စီးပွားရေးထိခိုက်မှုများအပေါ် ပြန်လည်ကုစားပေးသည့်အနေဖြင့် Cash For Work စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကြူတောအင်းကျေးရွာတွင် စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း လမ်းချောင်း ကျောက်ခင်းခြင်းလုပ်ငန်းနှင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။

အဆိုပါကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၀၀) ထုတ်ပေးပြီး ကျေးရွာနေပြည်သူများ ဝင်ငွေရရှိ စေရန် စီမံကိန်းတွင်ပါဝင် လုပ်ကိုင်ဆောင်ရွက်သူများကို လုပ်အားခ (၆,၀၀၀)ပေးချေခြင်း စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးမှုတွင်  စီမံကိန်းပါ မူဘောင်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ တို့ကို မြို့နယ်ဦးစီးမှူးဒေါ်သန္တာစိုးနှင့် တာဝန်ခံဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်း တိုင်းတာစစ်ဆေး မှုများပြုလုပ်ခဲ့ပြီး ဒေသခံစီမံကိန်း လုပ်ငန်းကြီးကြပ်မှု ကော်မတီဝင် များနှင့် တွေ့ဆုံ၍ စီမံကိန်းရန်ပုံငွေဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးသည့် ကျေးရွာတွင်းလမ်းအား ရေရှည်အသုံး ပြုသွားလာနိုင်ရေး ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန်တို့ကို မြို့နယ်‌ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူးက ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)