မြန်အောင်၌ နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ် မိတ်ဆက်ရှင်းလင်းပွဲကျင်းပ

မြန်အောင် ဇွန်  ၂၂

နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် မိတ်ဆက်ရှင်းလင်းခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီက ဟင်္သာတခရိုင်၊ မြန်အောင်မြို့ အောင်ဇေယျခန်းမ၌ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့် တက်ရောက်ခဲ့သည်။     

နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် မိတ်ဆက်ရှင်းလင်းပွဲတွင် ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော် တရား သူကြီးချုပ် ဦးဝင်းမြင့်က “အမှုများကို စစ်ဆေးစီရင်ရာတွင် စံသတ်မှတ်ကာလ အတွင်း ပြီးပြတ်စေရန် တည်ဆဲ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားရုံးက အမှုနှင့် သက်ဆိုင်သူအားလုံးနှင့်အတူ ပူးပေါင်းပြီး အချိန်နှင့် တစ်ပြေးညီ ထိရောက်မြန်ဆန်စွာ စစ်ဆေး စီရင်နိုင်ရန် ဆောင်ရွက်သည့် အစီအစဉ်ဖြစ်ကြောင်း၊ မှုခင်းများတွင် အငြင်းပွားမှုများကို မျှတစွာ ဖြေရှင်းရန်၊ အချိန်နှင့် တစ်ပြေးညီ စစ်ဆေးစီရင်နိုင်ရန်၊ အမှုလက်ကျန်များနှင့် ကြန့်ကြာနေ သည့် မှုခင်းများ လျော့ချရန်၊ တရားရုံးများအပေါ် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို မြှင့်တင်ရန် ရည်ရွယ်ချက် များဖြင့်  မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း” အဖွင့်အမှာ စကား ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်အောင်မြို့နယ် တရားသူကြီး ဦးဇေယျာမျိုးက မြန်အောင်မြို့နယ် တရားရုံး၌ (၁-၇-၂၀၂၂) ရက်နေ့တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်မည့် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်အား မိတ်ဆက်ရှင်းလင်းပြောကြား ပြီး ညှိနှိုင်းရေးမှူး ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ချိုထက်က တက်ရောက် လာသူများမှ မေးမြန်းသော မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်နှင့် ပတ်သက်သော မေးခွန်းများကို ပြန်လည်ဖြေကြားပေးခဲ့သည်။

အခမ်းအနားသို့ ဟင်္သာတခရိုင် တရားသူကြီး ဒေါ်အေးအေးခိုင်၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး အောင်သူရိန်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချစ်မောင်၊ မြန်အောင်မြို့မစခန်းမှူးနှင့် နယ်မြေရဲစခန်း၊ ရဲကင်းစခန်းတို့မှ စခန်းမှူးများ၊ အမှုစစ်အရာရှိများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တရားလွှတ်တော်ရှေ့နေများ၊ အထက်တန်းရှေ့နေများ၊ ရပ်ကွက်ကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)