ဖျာပုံ ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အောက်ကွင်းကျေးရွာ၊ အ.လ.ကအမှတ်(၁၀၁)တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စားသုံးသူကာကွယ်ပေးရေးဆိုင်ရာ ဥပဒေ နည်းဥပဒေများအား သိရှိနားလည်စေရန်ရည်ရွယ်၍ ယနေ့နေ့လယ်( ၁)နာရီ အချိန်က အဆိုပါ ကျောင်းခန်းမ၌ပြုလုပ်သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန ဒုတိယ ခရိုင်ဦးစီးမှူး ဦးမိုးမင်းသန်းက ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ပေးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ၊ မရှိ စသည့် ကျောင်းသား၊ ကျောင်းသူများ သိရှိရမည့် စားသုံးသူကာကွယ်ပေးရေးဆိုင်ရာများအား အသိပညာပေး ဟောပြောကြပြီး၊ ကျောင်းအတွင်း ရောင်းချလျက်ရှိသော ကျောင်းမုန့်စျေးတန်းရှိ စျေးဆိုင်များအား ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ၊ မရှိ စစ်ဆေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများကို စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင် ဦးစီးမှူး ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အ.လ.ကအမှတ်(၁၀၁) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)