ကြို့ပင်ကောက်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်ရေးအတွက် မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ကြို့ပင်ကောက် စက်တင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒ ရှင်စာရင်းများ တိကျမှန်ကန်ရေးအတွက် မဲဆန္ဒရှင်စာရင်းစိစစ်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က ကျင်းပပြုလုပ်သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်သန်းက အစည်း အဝေးကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကိုဗစ်ကာလအတွင်း မဲဆန္ဒရှင်များ သော ဒေသများနှင့် မဲပေးရန်မဲရုံသို့ သွားလာရေး ခရီးဝေးကွာတဲ့ဒေသများတွင် မဲရုံများ ထပ်တိုးရန် စီစဉ် ဆောင်ရွက်ထားမှုများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်အေးငြိမ်းသူက မဲဆန္ဒရှင်စာရင်းစိစစ်ရေးလုပ်ငန်းကော်မတီမှ ဆောင်ရွက်စိစစ်ရမည်ဖြစ်သော ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)များကို စီစစ်စစ်ဆေးခြင်းများ လုပ်ငန်းအဆင့်ဆင့်ဆောင်ရွက်ရန်တို့ကို ရှင်းလင်း ပြောကြားခဲ့သည်။

အစည်းအဝေးသို့ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကိုကိုငြိမ်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်သန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး ကြို့ပင်ကောက်မြို့ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲကြီးတွင် မဲရုံပေါင်း ၉၁ ရုံ၌ ပထမအကြိမ် ကြေညာသော မဲဆန္ဒရှင် ၉၅၉၂၆ ဦးတို့က နိုင်ငံရေးပါတီ (၇)ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သွားကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်း (၃၃) ဦးတို့အား ဆန္ဒမဲပေးရွေးချယ်သွားကြရမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)