မင်းဘူး စက်တင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ကြာကန်ကျေးရွာမှ တောင်သူများသည် ကိုဗစ်-၁၉ ကာလ စီးပွားရေးပြန်လည် ကုစားမှု အစီအစဉ်ဖြင့် တောင်သူလုပ်ငန်းအပြင် နွားမွေးမြူရေး လုပ်ငန်းများပါ တွဲ ဖက်လုပ်ကိုင် လာကြကြောင်း ကြာကန်ကျေးရွာ နွားမွေးမြူရေး လုပ်ကိုင်သူများထံမှ သိရသည်။ လယ်/ယာ ကဏ္ဍမှထွက်သော ကောက်ပဲသီးနှံများ ရောင်းရေး/ဝယ်ရေး ခက်ခဲပြီး သီးနှံဈေးနှုန်းများပါ ကျဆင်းနေသဖြင့် ထိုကာလမှ စီးပွါးရေးကို ပြန်လည်ကုစားနိုင်ရန် နွားမွေးမြူရေးလုပ်ငန်းများ တွဲဖက်လုပ်ကိုင်လာကြကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး အတွင်းမှ ပြည်ပသို့ ကျွဲ၊ နွား တင်ပို့ခွင့်ပါမစ်ရ ကုမ္ပဏီ (၄) ခုရှိနေသည့်အတွက် ဈေးကွက် အခိုင်အမာ ရှိပြီးသားမို့ တောင်သူတွေအနေနဲ့ ကျွဲ၊ နွား တွေကိုပိုမိုမွေးမြူကြမယ်ဆိုရင် စီးပွါးရေး နဲ့ လူနေမှုဘဝတွေ တိုးတက်လာကြလိမ့်မယ်လို့ ကြာကန်ရွာမှ နွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ တောင် သူတွေက ယူဆကြပါတယ်။ နွားများမှာ သူ့သက်တမ်းနှင့် နွားချော၊ နွားလှအပေါ်မူတည်၍ ကျပ် ၅ သိန်းမှ ကျပ်သိန်း ၂၀ ဈေးရှိကြောင်း သိရသည်။ နွားမများမှာလည်း တစ်နှစ်ကို တစ်သားနှုန်း ပေါက်ပွါးသည့်အပြင် နွားမအကောင်ချောလျှင် ဈေးကောင်း ပါရသော ကြောင့် ကြာကန်ရွာမှ တောင်သူ အတော်များများ နွားများ မွေးမြူလာကြကြောင်း သိရသည်။
"ကျွန်တော်တို့ရွာမှာ နွားမွေးမြူကြတဲ့ တောင်သူ ၂၀ ဦးလောက်ရှိပြီး နွားအကောင်ရေအနေနဲ့ ၁၀၀၀ ကျော် လောက်ရှိပါတယ်။ ကိုဗစ်-၁၉ ကာလရယ် ရာသီဥတုမမှန်တာရယ်ကြောင့် ရွာမှတောင်သူ အတော်များ များ နွားမွေးမြူရေး လုပ်ငန်းများ တွဲဖက်လုပ်ကိုင်လာကြပါတယ် '' ဟု နွားမွေးမြူရေးနှင့် တောင်သူလုပ်ငန်း လုပ်ကိုင်သူ ကိုမင်းမင်းက ပြောသည်။
ဇေယျာထက် (မင်းဘူး )