ပေါက်ခေါင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာနေဗီယာပင် သရုပ်ပြစိုက်ပျိုးပွဲပြုလုပ်

ပေါက်ခေါင်း  ဇွန် ၂၂

၂၀၂၂ ခုနှစ် မိုးရာသီ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်အရ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာနေဗီယာမြက်ပင် သရုပ်ပြစိုက်ပျိုးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဖိုကုန်းကျေးရွာတောင်သူဦးနေလင်း၏ယာမြေ(၂)ဧကတွင် ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးသူမောင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဝင်းနိုင်ထွန်းနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာပြည်သူများ တက်ရောက်ပါဝင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

“တိရစ္ဆာန်အစာနေဗီယာမြက်က တခြားမြက်၊ ကောက်ရိုးတို့ထက် အသားဓာတ်ပိုရရှိပြီး ၁၇ ရာခိုင်နှုန်းအထိ ရှိပါတယ် ကျွဲ၊ နွားတို့ အပါအဝင် ကြက်၊ ဝက်၊ ဆိတ်နှင့် တိုင်းရင်းကြက်များတို့ကိုပါ အမှုန့်ကြိတ်ပြီး ဆန်ကွဲ၊ ဖွဲကြမ်းတို့ဖြင့် ရောစပ်ကျွေးနိုင်ပါတယ်” ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာဝင်းနိုင်ထွန်းက ပြောကြားသည်။

သန်းထွန်းအောင်