လှိုင်းဘွဲ ဇွန် ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့တို့ပူးပေါင်း၍ စာရေးဆရာမောင်ကျေးဇူး၏ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် စီမံခန့်ခွဲမှု၊ သင်ကိုယ်တိုင်ပိုကောင်းအောင်ပျိုးထောင်မှု၊ ဦးဆောင်နိုင်မှု၊ ယုံကြည်မှုတိုးတက်စေရန်အတွက် ရည်ရွယ်၍ ရေးသားထားသော “မန်နေဂျာကောင်းဖြစ်ရေး အကြံပေးလမ်းညွှန်” စာအုပ်အား စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ပါသည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးစောသော်တာလင်းသန့်က လူငယ်များအနေဖြင့် မိမိအနာဂတ်တွင် ရည်ရွယ်ချက်မြင့်မြင့် ထားရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် စာပေကိုလေ့လာဖတ်ရှုရမည်ဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင်နန်းသီရိလှိုင်က စာရေးဆရာမောင်ကျေးဇူး၏ မန်နေဂျာကောင်းဖြစ်ရေး အကြံပေးလမ်းညွှန်စာအုပ်၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသော စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင်များက သင်ကိုယ်တိုင်အသက်မွေးဝမ်းကျောင်းပိုကောင်းအောင် ပျိုးထောင်နည်း၊ သင့်ကိုယ်သင်ယုံကြည်မှုတိုးတက်စေနည်း၊ ဦးဆောင်နိုင်စွမ်းရှိရေး၊ အောင်မြင်သူများကို နမူနာယူကြိုးပမ်းရေး၊ ခေါင်းဆောင်ကောင်းဖြစ်ရေး၊ အကောင်အထည်ဖော်ဆောင်ရွက်ရမည့်စီမံကိန်း စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)