မော်လမြိုင်ကျွန်း ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နေလည် ၁၂ နာရီအချိန်က ဆောင်ရွက်သည်။
အဆိုပါ Talk Show အစီအစဉ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမင်းဇော်လတ်က စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့် တိကျမှန်ကန် ရှင်းလင်းသော သတင်းအချက်အလက်များ သိရှိစေရန်၊ ကုန်အညွန်းအမှတ် အသားဖြစ်သော ကုန်စည်၏ တံဆိပ်အမှတ်အသား၊ ကုန်စည်အမျိုးအမည် အရွယ်အစား၊ ထားသိုသိမ်းဆည်းမှု အညွန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး၊ သက်ဆိုင်ရာ အစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထားသောအချက်များနှင့် စားသုံးသူနစ်နာမှုရှိပါက Consumer Call Center(1535) (သို့မဟုတ်) DOCA Myanmar application မှလည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်းသိရသည်။
ထို့အပြင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှု ရှိစေရေးအတွက် အာမခံချက်ပေးနိုင်သည့် အရေအသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေ အချက်အလက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Talk Show ဆောင်ရွက်ရခြင်းဖြစ်ကြောင်းဆွေးနွေးခဲ့သည်။
အောင်အောင်(ပြန်/ဆက်)