ရွှေတောင် ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်၏ ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်းကျေးရွာ(၁၀)ရွာစိစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးတောင်သူ အသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မယားမာန်ကျေးရွာအုပ်စု၊ မယားမာန်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး၊ မြို့နယ်စီမံကိန်းဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မန်နေဂျာ၊ မြို့နယ်ကျေးလက်လမ်းဦးစီးမှူး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရေအရင်းမြစ်ဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများလိုက်ပါ၍ သက်ဆိုင်ဌာနအလိုက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဒေသခံပြည်သူများသို့ ရှင်းလင်းဆွေးနွေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာသော ဒေသခံပြည်သူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းရာသက်ဆိုင်ရာဌာနများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။
ယင်းနောက်တက်ရောက်လာသော ဒေသခံတောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြေအသုံးချရေးတာဝန်ခံ ဒေါ်မြမြသွင်မှ EM မြေဩဇာပြုလုပ်နည်းအဆင့်ဆင့်ကို စုပေါင်းလက်တွေ့သရုပ်ပြမှုများ ပြုလုပ်ကာ ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရှိရသည်။
ကိုကိုမင်း (ပြန်/ ဆက်)