သာယာဝတီမြို့တွင် ပြည်သူ့ဆက်ဆံရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်

သာယာဝတီ ဇွန် ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးတွင် ဝန်ထမ်းများအား ပြည်သူ့ဆက်ဆံရေးကို သိရှိနားလည်ပြီး လုပ်ငန်းခွင် လက်တွေ့ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန်၊ ပြည်သူလူထုအား ထိရောက်သည့် ဝန်ဆောင်မှုကောင်းများပေးနိုင်ရန်အတွက် ပြည်သူ့ဆက်ဆံရေးသင်တန်း (၁/၂၀၂၂)ကို ယမန်နေ့ ညနေ ၄ နာရီက သာယာဝတီမြို့နယ် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းနွဲ့ဦးက သင်တန်းဖွင့် အမှာစကားပြောကြားရာတွင် မိမိတို့ဌာနသည် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့‌ဆောင်ရွက်နေသော ဌာနဖြစ်ပါကြောင်း၊ မိမိတို့ဌာနရှိ ဝန်ထမ်းများသည် အများပြည်သူအား ဝန်ဆောင်မှုများပေးရာတွင် ထိရောက်သည့် ဝန်ဆောင်မှုကောင်းများပေးနိုင်ရန်အတွက် ပြည်သူ့ဆက်ဆံရေးသင်တန်း ဖွင့်လှစ်ပေးရခြင်း ဖြစ်ပါကြောင်း၊ သင်တန်းတွင် သင်ကြားပို့ချပေးသော ဘာသာရပ်များကို သေချာစွာ ကြိုးစားသင်ယူပြီး မိမိတို့လုပ်ငန်းခွင်ရှိ အများပြည်သူများနှင့် ပြောဆိုဆက်ဆံရာတွင် ကောင်းမွန်သော ဝန်ဆောင်မှုကောင်းများဖြင့် ဆောင်ရွက်စေလိုပါကြောင်း သင်တန်းဆင်းပြီး နောက်ပိုင်းတွင်လည်း အများပြည်သူတို့အတွက် ဝန်ဆောင်မှုကောင်းများပေးနိုင်ရန် ဆက်လက် ဆည်းပူးလေ့ကျင့်ဆောင်ရွက်သွားကြ‌စေလိုပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးခိုင်က ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများ၏အရေးပါပုံနှင့် ပြည်သူ့ဆက်ဆံရေးမှူးတစ်ဦးတွင် ထားရှိသင့်သည့် အရည်အချင်းများနှင့် ပတ်သက်၍လည်းကောင်း၊ ပြည်သူ့ဆက်ဆံရေး(PR)၏အဓိပ္ပာယ် ဖွင့်ဆိုချက်၊(PR)စနစ်ဖြင့် ထိရောက်စွာအသုံးချနိုင်မည့်နည်းလမ်းများ၊ ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ပြည်သူ့ဆက်ဆံရေး၏အဓိပ္ပါယ်၊ ပြည်သူကိုဗဟိုပြုသော အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများအကြောင်းတို့ကို အသေးစိတ် ဆွေးနွေးဟောပြောခဲ့သည် ။

အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၁၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇွန်လ (၂၀)ရက်မှ (၂၄)ရက်ထိ (၄) ရက် ကြာမြင့်မည်ပြီး ဒုတိယအကြိမ်အဖြစ် ပြည်သူ့ဆက်ဆံရေးသင်တန်း ( ၂/၂၀၂၂)ကို ဇူလိုင်လ(၄)ရက်နေ့မှ (၈)ရက်နေ့အထိ သင်တန်းသား၊ သင်တန်းသူ (၁၀)ဖြင့် ဆက်လက်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇော်