အထက်မင်းလှ ဇွန် ၂၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာဇာငြိမ်းက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်မာလာရွှေဇင်အောင်က မူးယစ်အန္တရာယ်တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါး ဆိုတာဘာလဲ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးအန္တရာယ်များ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာထိခိုက်မှု၊ လူမှုရေးဆိုင်ရာထိခိုက်မှုများ၊ မူးယစ်ဆေးဝါးသုံးစွဲမိသည့်အကြောင်းအရင်းများ၊ ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ သိရှိလိုက်နာဆောင်ရွက်သင့်တဲ့ အချက်များ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ စသည့် အကြောင်းအရာများကို ရှင်းလင်း ဆွေးနွေးခဲ့သည်။
မင်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာနှင့် ပြင်ပအသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အွန်လိုင်းစနစ်ဖြင့် အသိပညာပေး (Talk Show) ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် စီစဉ်ကျင်းပ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇာဇာ (အထက်မင်းလှ)