မင်းဘူး စက်တင်ဘာ ၈
မင်းဘူး(စကု)မြို့နယ် ကြာကန်ကျေးရွာအုပ်စု ပေါက်ကုန်းကျေးရွာ မှ ရွာသားများသည် တောင်သူလုပ်ငန်းဖြင့် သီးနှံစိုက်ပျိုး အသက်မွေးကြပြီး တစ်ဖက်တစ်လမ်းမှ ဝါးတောင်း ရက်လုပ်ခြင်းဖြင့် ဝင်ငွေရှာကြသည်။ ကိုဗစ်-၁၉ ကာလ ကပ်ရောဂါများကြောင့် ဝါးတောင်းရောင်းအား မကောင်းသော်လည်း အိမ်မှာနေရင်း အိုးမကွာအိမ်မကွာ လုပ်ရ၍ ငွေကျေးအရနည်းသော်လည်း အဆင် ပြေကြသည်။
ပေါက်ကုန်းတစ်ရွာလုံး ကလေးလူကြီး ဝါးတောင်းရက်လုပ်ခြင်းကို တတ်ကျွမ်းကြသလို လုပ်လည်း လုပ်ကိုင်ကြသည်။ ဝါးတောင်း ရက်လုပ်ရာတွင် လိုအပ်သည့်ဝါးနှင့်ကြိမ်ကို မင်းဘူးမြို့မှ ဝယ်ယူရက်လုပ် ကြသည်။ တစ်နိုင်တစ်ပိုင် တစ်အိမ်သုံး ရက်လုပ်ခြင်းဖြစ်သည့်အတွက် များများစားစားလည်း မလိုပေ။ ဝါးတစ်လုံး ၅၀၀ ကျပ် ကြိမ် (၅၀) ပါတစ်စည်းလျှင် ၁၀၀၀၀ ကျပ်ပေးဝယ်ကြရသည်။
ဝါးတောင်း တစ်မျိုးတည်းကိုသာ အဓိကထား ရက်လုပ်ကြပြီး ရောင်းဈေးမှာ တောင်းအကြီးအသေး အလိုက် ၂၀၀၀/၂၅၀၀/၃၀၀၀ စသည်ဖြင့် ဈေးအမျိးမျိးရှိသည်။ ဝါးတောင်းအပြင် ဝါးနှီး နှင့်ဆက်နွယ်သည့် အခြား ပစ္စည်းများလည်းမှာ သူအော်ဒါရှိပါက ပြုလုပ်ရောင်းချပေးကြောင်းသိရသည်။ ၎င်းပစ္စည်းများမှာ ကြက်အုပ် ဆောင်း၊ ထမင်းအုပ်ဆောင်း၊ စကော၊ စကာ၊ ရိုင်ပတ်၊ အမိုက်တောင်း၊ တစ်ရှူးဘောက် ဘောပင်ခွက်၊ မှန်တင်စင်၊ ဓာတ်ပုံတင်စင် စသည်ဖြင့် ဝါးနှီးနှင့် ပတ်သက်သည့် ပစ္စည်းစုံ ရောင်ချပေးကြောင်း ပေါက်ကုန်းကျေးရွာ ဝါးတောင်း ရက်လုပ်ရောင်းချသူ ဒေါ်ချိုထံမှ သိရသည်။
ဇေယျာထက် (မင်းဘူး)