ညောင်တုန်း ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အမှတ်(၁)၊ အခြေခံပညာ အထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဇော်နိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ် ဥဒေအရာရှိ ဦးဆိုင်းခွန်စံက မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ဥပဒေများ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များကို လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က မူးယစ်ဆေးဝါး အမျိုးအစားများနှင့် လူငယ်များအနေဖြင့် မူးယစ်ဆေး၏ ဆိုးကျိုးများကြောင့် လူညွန့်တုံးခဲ့ရသည့် သာဓကများနှင့် မူးယစ်ဆေးဝါး မသုံးစွဲမိစေရန် ဆောင်ရန်၊ ရှောင်ရန်များကို လည်းကောင်း မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်လွင်က မူးယစ်ဆေးဝါးအန္တရာယ်နှင့် စားသုံးသူကာကွယ်ရေး အကြောင်းအရာများကို လည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး ကြီးကြပ်-၁ ဦးသန်းဝင်းထွဋ်က မူးယစ်ဆေးစွဲသူများ၏ လက္ခဏာများ၊ မူးယစ်ဆေး သုံးစွဲခြင်းကြောင့် နောက်ဆက်တွဲရောဂါများ စသည့် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)