မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထပ်မံထိုးနှံ

မိုးညို ဇွန် ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉  ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ထပ်ဆောင်း Booster Dose ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မိုးညိုမြို့ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံထားပြီး (၆)လအထက်ရှိသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose ကို ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

ထို့အတူ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီး ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိ/ ပျက်ကွက်များအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း၊  အသက် ၁၈ နှစ်ပြည့်ပြီး တစ်ကြိမ်တစ်ခါမှ ကာကွယ်‌ဆေး မထိုးနှံရ‌သေးသူများအား ဆက်လက်ထိုးနှံပေးလျက်ရှိပြီး  Booster Dose ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ ဇွန်လ ၂၂ ရက် မှ၂၄  ရက်နေ့ထိ ထိုးနှံပေးသွားမည်ဖြစ်သည်။

အဆိုပါကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့ပေါ်ရှိ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့တွင်လည်းကောင်း၊ ကျေးရွာအုပ်စုများရှိ ကျန်းမာရေးဌာနများတွင်လည်းကောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုမင်း