မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာ နွေစပါး ရတနာတိုးမျိုးစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေး

မကွေး ဇွန် ၂၂

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးတို့နှင့်အတူ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ဇွန်လ ၂၁ ရက်နေ့၊ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာအုပ်စု နွေစပါး ရတနာတိုးမျိုးစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာ ကျေးရွာအုပ်စု ကွင်းအမှတ်(၈၅၂)တောင်သူ ဦးတင်ဌေး၏ နွေစပါး ရတနာတိုးမျိုးစိုက်ခင်းသို့ ရောက်ရှိပြီး နွေစပါး ရတနာတိုးမျိုးစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေးကာ  ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူမှ စိုက်ပျိုးထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ကောက်ကွက်၊ ပင်ပွား၊ တစ်နှံပါအောင်စေ့များကို ရှင်းလင်းတင်ပြ၍ မျှော်မှန်းအထွက်နှုန်း ၁၁၂ တင်း ထွက်ရှိရန် မျှော်မှန်းကြောင်းနှင့် ပွင့်ဖြူမြို့နယ်၏ ၂၀၂၁- ၂၀၂၂ ခုနှစ် နွေစပါး ကျေးရွာအုပ်စုအလိုက် စိုက်ပျိုးထားရှိမှု အခြေအနေများကို မြေပုံကားချပ်များဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ ယခင်နှစ် သီးနှံစိုက်ပျိုးထွက်ရှိခဲ့မှု အခြေအနေနှင့် ယခုနှစ်စိုက်ပျိုးထွက်ရှိခဲ့မှု အခြေအနေများအား မေးမြန်းရာ တောင်သူ ဦးတင်ဌေးက ယခုနှစ်တွင် နွေစပါး တစ်ဧက တင်း ၁၁၀ ထွက်ရှိရန် မျှော်မှန်းကြောင်းနှင့် ဈေးကွက်အနေဖြင့် စပါးတင်း ၁၀၀ လျှင် ၈ သိန်းဈေးဖြင့် ရောင်းချရန် ချိတ်ဆက်ထားပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများအား စိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်၍ အခက်အခဲနှင့် လိုအပ်သည်များ ရှိ/မရှိ မေးမြန်းဆွေးနွေးကာ ဒေသခံတောင်သူများ၏ လိုအပ်ချက်တင်ပြခဲ့မှုအပေါ် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး၊ တက်ရောက်လာသည့် တောင်သူများအား တစ်နှစ်လျှင် သုံးသီးဝင်အောင် စိုက်ပျိုးထုတ်လုပ်၍ တောင်သူများ၏ ဝင်ငွေနှင့် လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း၊ သီးနှံစိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏ စားနပ်ရိက္ခာဖူလုံရေးကို တဖက်တလမ်းမှ အထောက်အကူပြုကြောင်း၊ ပွင့်ဖြူမြို့နယ်ရှိ တောင်သူများအနေဖြင့် ဆည်ရေကို အကျိုးရှိစွာအသုံးချ၍ သီးနှံ အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး  လမ်းညွှန်မှာကြားကာ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းက စိုက်ပျိုးသီးနှံ အထွက်နူန်း တိုးတက်မြှင့်မားရေးဆိုင်ရာများနှင့် စပ်လျဉ်း၍  ရှင်းလင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ