လက်ပံတန်းမြို့တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့

လက်ပံတန်း ဇွန် ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် အဘိုး/ အဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေများကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်လူမှုဖူလုံရေးအဖွဲ့မှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဘတ်ဂျက် ပထမ ၃ လပတ် (ဧပြီ၊ မေ၊ ဇွန်)လများအတွက်  အဘိုး/ အဘွားတစ်ဦးလျှင် (၁)လတစ်သောင်းကျပ်နှုန်းဖြင့် (၃)လတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိရာ လက်ပံတန်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၀၈၇)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် စုစုပေါင်း ၃၂,၆၁၀,၀၀၀/- ကျပ်သုံးရာနှစ်ဆယ်ခြောက်သိန်းတစ်သောင်းတိတိ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသန်းက ပြောကြားသည်။

 

မြို့နယ် (ပြန်/ဆက်)