မိုးညိုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝရေပြင်နှင့် စပါးခင်းများအတွင်း ငါးမျိုးစိုက်ထည့်

မိုးညို စက်တင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မိုးသစ္စာကျေးရွာအနီးရှိ မြစ်မခမြစ်အတွင်း သဘာဝရေပြင်နှင့် စပါးခင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ရေရှည်စဉ်ဆက်မပြတ် ငါးရိက္ခာရရှိရေး၊ သဘာဝရေပြင်များ အတွင်း ငါးမျိုးများ ပြန့်ပွားကာ ငါးအထွက်နှုန်းတိုးတက်စေရေး၊ ကျေးလက်နေပြည်သူများ ငါးရိက္ခာ ဖူလုံစေရေးအတွက် သဘာဝရေပြင်များအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းနှင့် စပါးစိုက်တောင်သူများသို့ ငါးမျိုးများ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ရာတွင် မိုးညိုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးထွန်းထွန်းဦး နှင့် ဝန်ထမ်းများက မိုးသစ္စာကျေးရွာအနီးရှိ မြစ်မခမြစ်အတွင်းသဘာဝ‌ ရေပြင်သို့ ငါးခုံး မကြီးကောင်ရေ ၅၀၀၀၀ နှင့် စပါးစိုက်ဧက ၁၉၅ ဧကအတွင်းသို့ ငါးခုံးမကြီးကောင်ရေ ၉၇၅၀၀၊ စုစုပေါင်းကောင်ရေ ၁၄၇၅၀၀ တို့အား ငါးမျိုးစိုက်ထည့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုမင်း(မိုးညို)