သရက်မြို့၌ ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

သရက် ဇွန် ၂၂

မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများနှင့် ဌာန ဆိုင်ရာရုံးများနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် ဖုံး၊ သွန်၊ လဲ၊ စစ် ခြင်းများ ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်းများအား အဖွဲ့များခွဲ၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များမှ မဒင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ တလပါးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့် ကျေးရွာ၊ ရပ်ကွက်များတွင် အဖွဲ့များခွဲ၍ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ခိုအောင်းနိုင်သည့် နေရာများအား ရှင်းလင်းခြင်း၊ ခြင်ခိုအောင်းမှု မရှိစေရန် ရေလှောင်ကန်များ၊ ရေပုံး များ၊ ရေမြောင်းများ၊ မိုးရေဝင်နိုင်သည့် အိုးခြမ်းပဲ့၊ တာယာကွင်း စသည့် ခြင်ပေါက်ဖွားနိုင်သည့် နေရာများကို ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။

ထို့အပြင် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက အသိပညာပေးခြင်းလုပ်ငန်းအဖြစ် ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုပ်ကွေးလက္ခဏာများ၊ သွေးလန့်သည့်လက္ခဏာများနှင့် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားစေသည့် အကြောင်းအရာများကို အသိပညာပေးဟောပြောပြီး သွေးလွန်တုပ်ကွေးရောဂါ ကာကွယ် နှိမ်နင်းရေး အသိပညာပေးလက်ကမ်း စာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)