သနပ်ပင် ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ မိုးစပါးမျိုးစေ့ချကရိယာ (Seeder) ဖြင့် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးခြင်း လက်တွေ့သရုပ်ပြ စိုက်ပျိုးခြင်းအား ယမန်နေ့ နံနက်ပိုင်းက ဖရဲကျေးရွာ ကွင်းအမှတ် (၈၅၅ က) ဦးပိုင် အမှတ် (၁၆/၈) တောင်သူ တောင်သူ ဦးဇင်မင်းဦး လယ်ယာမြေ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မျိုးစေ့ချပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကြူကြူမြင့်တို့မှ မျိုးစေ့ချပွဲသို့ တက်ရောက်လာသော တောင်သူများနှင့် စိုက်ပျိုးဆိုင်ရာ နည်းပညာများ ဆွေးနွေးကြရာ အရည်အသွေး ကောင်းမျိုးစေ့များကို ရွေးချယ်စိုက်ပျိုးခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးပွားလာမည် ဖြစ်ကြောင်းနှင့် စိုက်ပျိုးဆိုင်ရာ နည်းပညာများနှင့် ပတ်သက်၍ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ပါက မျိုးကောင်း၊ မျိုးသန့် အထွက်တိုးစပါး များရရှိလာမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကြူကြူမြင့်မှ တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးနည်းများဖြစ်သည့် အခြောက်သမန်းတွင် ကြဲခြင်း အစိုသမန်းတွင်ကြဲခြင်းနှင့် မျိုးစေ့ချကရိယာ (Seeder) ဖြင့် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးခြင်းတို့၏ အားသာချက် အားနည်းချက်တို့အား တောင်သူဦးကြီးများ၏ လက်တွေ့လုပ်ငန်းခွင်နှင့် နှိုင်း၍အကျယ်ဝံ့ ရှင်းလင်းဆွေးနွေးခဲ့ပြီး အစိုသမန်းပြင်တွင် မျိုးစေ့ချကရိယာ (Seeder) ဖြင့် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးနည်းကို တိုးချဲ့စိုက်ပျိုးနိုင်ရေး အဓိကဆွေးနွေးကာ စိုက်ပျိုရေးအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)