ရှမ်းရွာသစ်မြို့တွင် မိုးဦးကာလ ရာသီပေါ်ထွက်ရှိသည့် မှိုများတူးဖော်ရောင်းချရာမှ မိသားစုအပိုဝင်ငွေရရှိ

ရှမ်းရွာသစ် ဇွန် ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မိုးဦးကာလ၌ ရာသီပေါ်ထွက်ရှိသည့် သဘာဝအလျောက်မှိုများတူးဖော်ရောင်းချရာမှ ဝင်ငွေများရရှိသဖြင့် မိသားစုအတွက် အပိုဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် နှစ်စဉ်မိုးဦးကာလ၌ လူနေအိမ်ခြံဝင်းများနှင့် တောတောင်များတွင် ရာသီပေါ်သဘာဝအလိုက် တောင်ပို့မှိုနှင့်ဖက်ဆွတ်မှိုများ  သဘာဝအလျောက် ပေါက်ရောက်ထွက်ရှိလေ့ရှိပြီး အဆိုပါမှိုများကို ဒေသနေပြည်သူများက တူးဖော်ရောင်းချလေ့ရှိရာ ယခင်နှစ်ထက် ယခုနှစ်တွင်မှိုများ ပေါပေါသီသီထွက်ရှိကြောင်း သိရသည်။

အဆိုပါမှိုများတူးဖော်ရောင်းချရာတွင် ဒေသနေပြည်သူအများစုသည် နံနက်အစောကြီးထ၍ မှိုပေါက်လေ့ရှိသည့်နေရာများကိုခန့်မှန်းပြီး တောထဲ၊ တောင်ထဲသို့သွားရောက်တူးဖော်ရကြောင်း၊ အဖူး၊ အပွင့်ပေါ်မူတည်၍ စားသုံးသူများကို ဈေးနှုန်းအမျိုးအစားအလိုက် ပြန်လည်ရောင်းချကြောင်း၊ မှိုအဖူးတစ်ပိဿာလျှင် ငွေကျပ်(၆၀၀၀)ကျပ်မှ (၈၀၀၀)ကျပ်ထိ၊ မှိုပွင့်တစ်ပိဿာလျှင် ငွေကျပ် (၃၅၀၀)ကျပ်မှ (၄၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ယခုမှိုထွက်ရှိသည့်အချိန်ရောက်ပြီဆိုရင် ဒေသနေပြည်သူအများစုသည် မှိုများတူးဖော်ရောင်းချချိန်ဖြစ်၍ မိသားစုစားဝတ်နေရေး အဆင်ပြေကာ အပိုဝင်ငွေများလည်းရရှိချိန်လည်းဖြစ်ကြောင်း မှိုများတူးဖော်ရောင်းချသည့် ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။

အဆိုပါမှိုများသည် ရှမ်းရွာသစ်မြို့အတွင်းရှိ တောတောင်များနှင့်ဒေသနေပြည်သူများ၏နေအိမ်ခြံဝင်းထဲတွင် အများဆုံးပေါက် ရောက်လေ့ရှိပြီး ဒေသနေပြည်သူများ လယ်ယာလုပ်ငန်းနှင့်တွဲဖက်ကာမှိုများ တူးဖော်ခူးဆွတ်ရောင်းချကြရာမှ မိသားစုအတွက်အပိုဝင်ငွေများလည်း ရရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)