ညောင်တုန်း စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ကူးစပ်မှုမရှိစေရေးအတွက် ညောင်တုန်း-ရန်ကုန် ကားလမ်းအပေါ် လမ်းအထူး (၂၁)ထိပ်နှင့် ကျုံတမာကျေးရွာအုပ်စု၊ တာကွေ့ကျေးရွာတို့တွင် မြို့ဝင်/မြို့ထွက် ပူးပေါင်းစစ်ဆေးရေး ဂိတ်ဖွင့်လှစ်၍ ခရီးသွားပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် လူဝင်/ထွက် စစ်ဆေးခြင်းတို့ကို ယမန်နေ့ နံနက် ၆ နာရီမှ စတင်၍ ဆောင်ရွက် လျက်ရှိသည်။
ညောင်တုန်းမြို့နယ် မြို့ဝင်/မြို့ထွက် ပူးပေါင်းစစ်ဆေးရေး ဂိတ်တို့တွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတို့က ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ညောင်တုန်း မြို့နယ်အတွင်းသို့ ကုန်စည်စီးဆင်းမှုအတွက် သွားလာနေသည့် ကုန်တင်ယာဉ်ကြီးများ၊ ခရီးသွား ထောက်ခံချက်ဖြင့် သွားလာနေသော သာမာန်အိမ်စီးယာဉ်ငယ်များ၊ အငှားယာဉ်(Taxi)များ၊ ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ် တို့ပေါ်ရှိ ခရီးသွားပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး အနေဖြင့် ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ လူဝင်/ထွက် စစ်ဆေးခြင်းတို့အား ဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်း၊ မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမိုးကျော်သူနှင့် တာဝန်ရှိသူများ လိုအပ်သည်များကို ကူညီပေးခဲ့ကြသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့ဝင်/မြို့ထွက် ပူးပေါင်းစစ်ဆေးရေး ဂိတ်(၂)ခုတို့တွင် ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် လူဝင်/ထွက် စစ်ဆေးခြင်းတို့အား နေ့စဉ် နံနက် ၆ နာရီမှ ည ၆ နာရီအထိ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဝဠာနိုင် (ညောင်တုန်း)