သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေး ဆွေးနွေး၍ မြေအချဉ်ဓာတ်တိုင်းတာ ပြသ

သဲကုန်း ဇွန် ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ အသိပညာပေး ဆွေးနွေးပွဲ၍ သဘာဝမြေဩဇာပြုလုပ်နည်း လက်တွေ့ပြသခြင်းကို ဌာနများပူးပေါင်း၍ ယမန်နေ့က ကျေးသာကျေးရွာအုပ်စု၊ ရေတာရှည်ကျေးရွာ၌ အသိပညာပေး ဟောပြောဆွေးနွေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  သဲကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးက ဒေသတွင်း  စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊  ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်​စေ​ရေးနှင့် လူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်မြင့်မား လာ​စေ​ရေးအတွက် လိုအပ်သည်များအား ဖြည့်ဆည်းညှိနှိုင်း ပံ့ပိုးဆောင်ရွက်​ပေးနိုင်ရန်အတွက် ယခုလို ဆွေးနွေးပွဲများပြုလုပ်ရခြင်း ဖြစ်ကြောင်းနှင့် မိမိ​ဒေသဖွံ့ဖြိုးတိုးတက်​စေ​ရေးအတွက် လိုအပ်သည်များအား  ရင်းရင်းနှီးနှီးပွင့်ပွင့် လင်းလင်းဆွေး​နွေးစေလို​ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သက်ဆိုင်ရာဌာနများက မိမိတို့ကဏ္ဍအလိုက် ဆွေးနွေးခဲ့ရာ အမျိုးသားမှတ်ပုံတင်ဥပဒေ အသိပညာပေးခြင်း၊ ဒေသအတွင်း ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေး၊ လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)အမည်ပြောင်းလဲ လျှောက်ထားခြင်း၊ စက်မှုလယ်ယာလုပ်ငန်းစဉ်များအား အသိပညာပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး၊ သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ် ဆောင်ရွက်ရမည့်အချက်များ၊ ကျေးလက်ရေရရှိရေး၊ ဆည်မြောင်းဌာနမှ ရေပေးဝေမှုအခြေအနေများ၊ စားသုံးသူ ကာကွယ်ရေး၏ ဥပဒေနှင့်စာသုံးသူများ အခွင့်အရေးနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသအတွင်းရှိ တောင်သူလယ်သမားများကို သဘာဝ မြေဩဇာများ လက်တွေ့ပြုလုပ်သုံးစွဲနိုင်ရေးတို့အား အသီးသီး အသိပညာဆွေးနွေး ဟောပြောခဲ့ကြသည်။

ထို့နောက် ဒေသခံတောင်သူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ရာ  သက်ဆိုင်ရာဌာနများမှ   တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မြေအချဉ်ဓာတ် တိုင်းတာခြင်းအား ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်၊ပြန်/ဆက်