ရှမ်းရွာသစ်မြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘောဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ် စာစောင်ပြသဆောင်ရွက်

ရှမ်းရွာသစ် ဇွန် ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများနှင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် စိုက်ပျိုးပြီးသစ်ပင်များ ရှင်သန်စေရေးပြုစုပေး၊ ရေ၊ မြေ၊ သစ်ပင်နီတိ၊ သစ်ပင်စိုက်ပျိုးထိန်းသိမ်းလျှင် အကျိုးရှိမှာအမှန်ပင်၊ သစ်တောသစ်ပင်ထိန်းသိမ်းခြင်းဖြင့် ကမ္ဘာကြီးကိုကာကွယ်စောင့်ရှောက်ကြပါ၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ဖျက်ဆီးခြင်းဖြင့် ကမ္ဘာကြီးကိုကယ်တင်ပါ၊ အမှိုက်များ၏ ဆွေးမြေ့မှုသက်တမ်းများ စသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးစာစောင်များပါဝင်ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ ဗဟုသုတရရှိရန်အတွက် ကျန်းမာရေးအသိပညာပေး၊ ပညာရေးဆိုင်ရာအသိပညာပေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေး စသည့် အခြားအသိပညာပေးနံရံကပ်စာစောင်များကို တစ်လလျှင်နှစ်ကြိမ် ပုံမှန်လဲလှယ်ပြသဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)