တမူး စက်တင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကာရာအိုကေဆိုင်များ ဖွင့်လှစ်မှု မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ် (၁) နာရီ အချိန်ခန့်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တမူးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးသိန်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်း၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဆွေသက်အောင်နှင့် စည်ပင်သာယာရေးဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များရှိ ကာရာအိုကေဆိုင်များသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် လုပ်ငန်းကော်မတီမှ KTV နှင့် Night Club များဖွင့်လှစ်ခြင်းမပြုရန် အမိန့်နှင့် ကြားချက်အား လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိစစ်ဆေးခြင်းနှင့် ရောဂါကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်ပေါ်စေရန် ကာရာအိုကေဆိုင်များ လုံးဝဖွင့်လှစ်ခြင်းမပြုရန်၊ ကျန်းမာရေး ဆိုင်ရာ ထုတ်ပြန်ချက်များကို လိုက်နာ ကြရန်တို့ကို အသိပေးရှင်းလင်းပြောကြားခဲ့ပြီး ရှောင်တခင်စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကာ စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ကျော်သူရ(ပြန်/ဆက်)