ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမူဦးစီးဋ္ဌာန ခရိုင်ရုံး(ဟင်္သာတ)၌ ပြည်သူ့ဆက်ဆံရေး သင်တန်း (၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဟင်္သာတ ဇွန် ၂၂

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမူဦးစီးဋ္ဌာန ဟင်္သာတခရိုင်ရုံး၌ ပြည်သူ့ဆက်ဆံရေး သင်တန်း (၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့  ညနေ ၄ နာရီ အချိန်က အဆိုပါရုံးယာဉ်စည်းကမ်း၊လမ်းစည်းကမ်းပညာပေး သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်  ဟင်္သာတခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမူဦးစီးဋ္ဌာန ခရိုင်ဦးစီးမှူး  ဦးမြင့်ထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် “မိမိတို့ဌာနသည် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့‌ ဆောင်ရွက်နေသော ဌာနဖြစ်၍  အများပြည်သူအား ဝန်ဆောင်မှုများ ပေးရာတွင် ထိရောက်သည့် ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရန်အတွက် ပြည်သူ့ဆက်ဆံရေး သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် သင်ကြားပို့ချပေးသော ဘာသာရပ်များကို  ကြိုးစားသင်ယူပြီး မိမိတို့လုပ်ငန်းခွင်ရှိ အများပြည်သူများနှင့် ပြောဆိုဆက်ဆံရာတွင် ကောင်းမွန်သော ဝန်ဆောင်မှုကောင်းများဖြင့် ဆောင်ရွက် စေလိုကြောင်း ဦးစီးဌာန၏  ရည်မှန်းချက် လုပ်ငန်းတာဝန်များ အောင်မြင်စေရေး ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း” အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နောက် ဟင်္သာတခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆံရေးဦးစီးဋ္ဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေမှ ပြည်သူ့ဆက်ဆံရေးလုပ်ငန်း (Public Relations) သည် ပြည်သူများအတွက် အရေးကြီးသည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ သင်တန်းသူ၊ သင်တန်းသားများအနေဖြင့် ပြည်သူ့ဆက်ဆံရေး (PR) ၏ အဓိပ္ပာယ်ကိုသိရှိပြီး ပြည်သူကိုဗဟိုပြုသော ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း သိရှိထားရန် လိုအပ်ကြောင်း၊ ပြည်သူ့ဆက်ဆံရေး နည်းလမ်းများကို နားလည်လိုက်နာ ကျင့်သုံးပါက ပြည်သူနှင့် ထိတွေ့သည့်လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း၊  ပြည်သူ့ဆက်ဆံရေး၏ ဘာသာရပ်များကို အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် ပြည်သူ့ဆက်ဆံရေးဘာသာရပ်၊ ပြည်သူ့ဆက်ဆံရေး အခြေခံ ဝန်ဆောင်မှုပေးခြင်းကဏ္ဍ၊ ကောင်းမွန်သော ဝန်ဆောင်မှုပေးခြင်းနှင့် သုံးသပ်ဆောင်ရွက်ရမည့် အခြေအနေ အရပ်ရပ်၊ ဝန်ထမ်းနှင့် ပြည်သူ့ဆက်ဆံရေး၊ လူအများနှင့်ညှိနှိုင်းဆက်ဆံခြင်းဖြင့် ဝန်ဆောင်မှုပေးခြင်း၊ မေတ္တာအပြုံးနှင့် ဂရုဏာနှလုံးသား၊ ရုံးဝန်ဆောင်မှုလုပ်ငန်းများနှင့် ပြည်သူ့ဆက်ဆံရေးကဏ္ဍစသည့် ဘာသာရပ်(၇)မျိုးကို သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းတွင် ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ရုံးမှ အရာထမ်း၊ အမှုထမ်း သင်တန်းသား၊ သင်တန်းသူ ၁၉ ဦးတို့အား လုပ်ငန်းခွင်မပျက် ဇွန် (၂၄) ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဇော် - ဟင်္သာတ